Saturday, December 25, 2010

ကနော် နေမင်းထွန်းမှ မြန်မာပြည်သူလူထုအားသတင်းဖြင့်ကျေးဇူးဆပ်ပါသည်။

Thursday, July 29, 2010

ပိုင်လိုက်ပုံ

ပိုင်လိုက်ပုံ
ဂျင်ဂလိ

မြန်မာပြည်ကို မွဲဆေးဖော်ပေးနေဆဲဖြစ်တဲ့၊ ကိုယ့်ကိုယ်ကိုယ် ဗိုလ်ချုပ်မှူးကြီးလို့ မရှိတဲ့ အပွင့်တွေ ရှာတပ် ထားတဲ့၊ သင်္ချိုင်းကို ခြေတဘက်လှမ်းနေပေမယ့် အာဏာရူးပြီး ပင်စင်မယူသေးတဲ့ ဗိုလ်သန်းရွှေတယောက် မြန်မာစစ်တပ်အပေါ် မီးသေပုံကို ဂျင်ဂလိ ဖောက်သည်ချချင်မိပြန်ပါတယ်။ ဒီနည်းကို တခြားစစ်အာဏာရှင် တွေ ကြားရင် ဗိုလ်သန်းရွှေထံ တပည့်လာခံလောက်တယ်ခင်ဗျ။ ဗိုလ်သန်းရွှေတို့ ပိုင်လိုက်ပုံက ဒီလိုပါ။

ဘုရင်ရူးရူးနေတဲ့ ဗိုလ်သန်းရွှေတယောက် သူ့ရာဇပလ္လင်ကို လုဖို့ကြိုးစားတဲ့ ပြည့်သူချဉ်ဖတ် ထောက်လှမ်းရေး မှူးလေး ဗိုလ်ခင်ညွန့်ကို အမျက်တော်ရှပြီး ရာထူးက ဖယ်ရှားလိုက်စဉ် အချိန်ကဖြစ်ပါတယ်။ ဗိုလ်ခင်ညွန့်ကို ကန်မထုတ်ခင် နှစ်ပတ်လောက်ကတည်းက အိန္ဒိယမှာ ကျင်းပမယ့် တောင်အာရှညီလာခံကို ဗိုလ်သန်းရွှေ တက်ရောက်မယ့်အကြောင်း သတင်းထုတ်ပြန်ပြီး ဖြစ်နေတယ်။ အဲဒီလို အနေအထားမှာ ဗိုလ်ခင်ညွန့်ကို ဖယ် ရှားလိုက်တာဖြစ်တော့ ဗိုလ်သန်းရွှေတယောက် မြန်မာစစ်တပ်ကြီးကို စိတ်ချလက်ချထားခဲ့ပြီး အိန္ဒိယကို လာ နိုင်ပါ့တော့မလားလို့ ပူသူတွေက ပူကြတာပေါ့။

ဗိုလ်ခင်ညွန့်ကို ဖယ်ရှားတဲ့ သတင်းကြေညာချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ဂျင်ဂလိကလည်း အိန္ဒိယကို ဗုဒ္ဓဂ ယာ ဘုရားဖူးအနေနဲ့ ရောက်နေတယ်။ သံဝေဇနိယလေးဌာနကို လှည့်လည်ဖူးမျှော်ရင်း နောက်ဆုံးဌာနဖြစ် တဲ့ ကုဿိနာရုံအရောက်မှာ ဗိုလ်ခင်ညွန့်ရဲ့ သံဝေဂယူဖွယ် သတင်းထူးကြီးကို ကြားလိုက်ရတယ် ဆိုပါတော့။ ကျွတ် ကျွတ် ကျွတ်ကလွဲ ... ဂျင်ဂလိတို့ ဘာများတတ်နိုင်ဦးမှာလဲပေါ့။

ဒါပေမယ့် ဗိုလ်သန်းရွှေကတော့ ကြေညာထားတဲ့အတိုင်း အိန္ဒိယကို လာမယ်လို့ သိရတယ်ခင်ဗျ။ ဗိုလ်သန်း ရွှေတယောက် စစ်တပ်ကို တယ်ပိုင်ပါ့လားလို့ ဂျင်ဂလိတို့ တွေးမိကြတာပေါ့။ အိန္ဒိယကိုလာရင်း ဗုဒ္ဓဂယာကို လည်း ဘုရာဖူးလာဦးမှာမို့ ရောက်တဲ့နေရာတိုင်းက ဘုန်းကြီးကျောင်းတွေမှာ လုံခြုံရေးအတွက် ရှေ့တော်ပြေး တွေ ကြိုရောက်နေပြီး ရှင်းလင်းနေတာ တွေ့ရတယ်။ အဆိုတော် ချစ်ကောင်းဆိုသလို ဆိုပြရရင်တော့ ‘သူ့ကျ တော့ … သိပ် ကြောက်တယ် …’ ပေါ့နော်။

ဒါပေမယ့် ဗိုလ်သန်းရွှေတယောက် စစ်တပ်ကို ဘယ်လိုပိုင်တယ်ဆိုတာ ဂျင်ဂလိတို့ ပြန်ခါနီး ဂယာကို ဒုတိယ အခေါက် ပြန်ဝင်မှ သိရတော့တယ်။ နဂိုစီစဉ်ထားတာထက် နောက်တော်ပါတွေ အများကြီး ပိုပါလာမှာမို့ ဘုန်း ကြီးကျောင်းမှာ နေရာတွေ ထပ်စီစဉ်နေရတယ်လို့ ဦးပဉ္စင်းတပါးက ပြောပြတယ်။ “ဘာဖြစ်လို့ အဲသလောက် အများကြီး ထပ်ခေါ်လာမှာလဲ ဘုရား” လို့ ဦးပဉ္စင်းကို ဂျင်ဂလိ ထပ်လျှောက်ကြည့်တော့မှ အဖြေက ပေါ်တော့ တာဗျို့။

ဦးပဉ္စင်းပြောပြတာက “ဒီလို ဒကာကြီးရေ ... သူ ဒီကိုလာနေတုန်း အာဏာသိမ်းမှာကို စိုးရိမ်လို့ မြန်မာပြည်မှာ ကျန်ခဲ့မယ့် မောင်အေးတို့၊ ရွှေမန်းတို့လို အရေးကြီးတဲ့ စစ်ဗိုလ်တွေရဲ့ မိန်းမတွေ၊ သားသမီးတွေကို ဘုရားဖူး အနေနဲ့ ခေါ်လာမယ်လို့ ဦးပဉ္စင်း ကြားတာပဲ” တဲ့။ အဲဒီတော့မှပဲ ဗိုလ်သန်းရွှေရဲ့ ရွှေဉာဏ်တော် စူးရောက်ပုံကို သိရတော့တယ်။ ဓားစာခံတွေ ခေါ်လာတဲ့နည်းနဲ့ စစ်တပ်ကို သူပိုင်ကြောင်း ပြမှာကိုး။ ဗိုလ်ချုပ်မှူးကြီး ပီသပါ ပေ့နော်။ အင်း ... အဲဒီနည်းကို မြောက်ကိုရီးယားက အာဏာရှင် ကင်ဂျုံအီး ကြားသွားမှဖြင့် ဗုဒ္ဓဂယာကို ကောက်ကာငင်ကာ ဘုရားဖူးရောက်လာလေဦးမလားလို့ ဂျင်ဂလိ တွေးနေမိတော့တယ်။

“အချစ်ကောင်”

၉၉.၉၉ ရာခိုင်နှုန်း
(အဲ့ဒါ)
မင်းအတွက် ပေးထားခဲ့တာ
အပေးမယူ မရှိပေမယ့်
ကျစရာမျက်ရည်စတွေ
ကျန်နေသေးတယ်။

မျှော်လင့်ချက် လှေကြီးမှာ
ငါကိုယ်တိုင် မာလိန်မှူးလုပ်
ငါကိုယ်တိုင် ထိုးသားကြီးလုပ်နေတာ
ပန်းတိုင်ဆီရောက်ဖို့ပဲ မဟုတ်ဖူးလား။

ဒါတွေထားပါလေ
မင်းမသိချင်ဟန်ဆောင် တာလား
မင်းမသိချင်ဟန်ဆောင် မှာလား
တစတစ အရည်ပျော်ကျရတော့မယ့်
မျက်ရည်ထုတွေ
ဟော့ဒီ နှလုံးသားအောက်ခြေမှာ
ဒုနဲ့ဒေး ရှိလို့နေသေး။

ချစ်သူရေ
မျဉ်းပြိုင်နှစ်ကြောင်းရဲ့ မဆုံမှတ်လို
စကားလုံးတွေ အံ့ချော်နေတုန်းမို့
ငါကိုယ်တိုင်တောင် မယုံနိုင်ခြင်းကြီးစွာ
ခေါင်းငိုက်စိုက်ကျ သက်ပြင်းချ
မျက်ရည်မိုးတွေ ဖြိုင်ဖြိုင်ရွာကျနေပေမယ့်
ငါ့ကိုက
အချစ်ကောင်ကြီး ဖြစ်နေလေတာကိုး။

Saturday, December 25, 2010

ဟိုးဝေးဝေးက ခရစ္စမတ်

ဟိုးဝေးဝေးက ခရစ္စမတ်
ခင်ရင်မောင်

ဟိုးဝေးဝေးက ထိုးလိုက်တဲ့
ဘုရားကျောင်းက ခေါင်းလောင်းသံသဲ့သဲ့ကို
ရင်ထဲက နားနဲ့ ကြားတယ်။

အမေ ...
ကျနော်တို့ကို မျှော်နေရော့မယ်။

ငယ်ငယ်တုန်းက
ခရစ္စမတ်ဆိုရင်
ကျနော်တို့က အမေ့ကို အမြဲမျှော်
လက်ဆောင်တွေတပွေ့နဲ့ အမေပြန်လာရင်
ပျော်လိုက်တဲ့ဖြစ်ခြင်း ...။

ခု
ဒီနှစ်ခရစ္စမတ်မှာ
အမေအိုဟာ တံခါးကို ဖွင့်ရင်း
ကျနော်တို့ကို မျှော်နေရှာပြီ။

မိသားစုချင်း
ချစ်သူချင်း ခွဲပစ်တဲ့ ခေတ်ယုတ်ကြီး။
သေကွဲရှင်ကွဲတွေ ပိုမိုများပြားလာတဲ့ လောကဓံတရားများ။

“ငါတို့ကတော့
သေမှပဲ ခွဲမယ်ဟေ့” လို့
အမေက မကြာခဏ ပြောခဲ့ဖူးတာ။

အမေစိုက်ခဲ့တဲ့ သစ်ပင်လေး
လေနှင်ရာ ဝေးပြီးရင်း ဝေးသွားတာလည်း
မတားနိုင်ခဲ့ပါလား အမေရယ်။

ဒီဇင်ဘာ (၁) ရက်
နှင်းစက်လေးတစက်
ကမ္ဘာပေါ် ပထမဦးဆုံး ကျလာသလို
သမီးလေး
ကျနော်တို့ဘ၀ထဲကို ရောက်လာခဲ့တယ်။

အမေ့မြေးလေးကို အမေ မြင်ချင်ရှာမှာ ...

ထောင်အုတ်ရိုးသံတံခါးတွေကို ချိုးဖောက်
ခရစ္စမတ်တိုင်းရောက်လာတတ်တဲ့ 
ပါဆယ်ထုပ်ထဲက မေတ္တာတရားတွေကို
ခုဆို
ကျနော် ပိုလို့နားလည်တတ်ခဲ့ပါပြီ။

ဟိုး ... ဝေးဝေးက ထိုးလိုက်တဲ့
ဘုရားကျောင်းက ခေါင်းလောင်းသံသဲ့သဲ့နဲ့ ရောထွေးလို့
မိခင်တဦးရဲ့ သားချော့တေးသံ
ကျနော့်ရင်ထဲက နားနဲ့ ကြားနေရပြန်တယ်။

ငြိမ်းချမ်းခြင်းနဲ့ မေတ္တာတရား
ဖွားမြင်ရာ ဒီညမှာ
မိခင်တဦးရဲ့ ရင်တွင်းသောကဟာ
လှိုင်းထလို့နေတော့တယ်။