ပပျောက်ရေးနေ့ အခမ်းအနားများ ကျင်းပ

နယူးဒေလီ၊ ဗီဂက်စ်ပူရီရပ်ကွက် မြန်မာ့ရိပ်သာခန်းမမှာ ကျင်းပတဲ့ “နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား” ဓာတ်ပုံတွေပါ။
HREIB အဖွဲ့နဲ့ WLB တို့ ပူးပေါင်းလုပ်တာပါ။
ခန်းမ အ၀င်မှာ ၀ါသနာရှင်တွေ ရေးဆွဲပေးပို့တဲ့ ကဗျာ၊ ကာတွန်းတွေ ရှိပြီး အမှတ်တရ လက်မှတ်ရေးထိုးဖို့ ပိတ်ကားတခုလည်း လုပ်ထားပါတယ်။
အခမ်းအနား အစီစဉ်တွေကတော့ စတိတ်မန့်ဖတ်တာ၊ အဖွဲ့စည်းတွေက ခေါင်းဆောင်တွေ မိန့်ခွန်းပြောတာနဲ့ အမျိုးသမီးအဖွဲ့ရဲ့ အထိမ်းအမှတ် ပြဇာတ်တိုတခု ကပြဖျော်ဖြေတာပါပဲ။
စတိတ်မန့်မှာ ပါတာကတော့ မြန်မာအမျိုးသမီးတွေဟာ အကြမ်းဖက်ခံရမှု သံသရာထဲမှာပဲ ဆက်ပြီး ကျရောက်နေအုံးမှာမို့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲရလဒ်ကို နိုင်ငံတကာက ကန့်ကွက်ကြဖို့တိုက်တွန်းတာနဲ့ ကုလသမဂ္ဂက ကန့်ကွက်ထားတာကိုလည်း ကြိုဆိုတယ်ဆိုတဲ့ အကြောင်းတွေပါ။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာလည်း အလားတူ အခမ်းအနားကို ဒီနေ့ညနေမှာ ကျင်းပခဲ့ပါတယ်။
ဖားမင်းဆွေ၏ အံ့မခန်း ရိုက်ပေါက်များ



- စစ်အစိုးရ အကြိုက် ဆောင်းပါးတွေ ရေးလေ့ရှိတဲ့ ငါးမင်းဆွေ (ဖားမင်းဆွေလို့လည်း နောက်ပြောင်ခေါ်ကြတယ်။ ဖားလွန်းလို့တဲ့) ဟာ ဒီနေ့ ၁၁ နာရီက NLD ရုံး ရှေ့မှာ “ ဒေါ်အောင်ဆန်းစုကြည်ကို နားမျက်စိ မပိတ်ပါနဲ့” ဆိုတဲ့ စာတန်းပါ တီရှပ်အဖြူရောင် ၀တ်ဆင်ပြီး ဆန္ဒဖော်ထုတ်ခဲ့တယ်လို့ သိရပါတယ်။ အကြောင်းကတော့ သူရေးတဲ့ ဆောင်းပါးကို ဒေါ်အောင်ဆန်းစုကြည်နားက လူတွေက ဒေါ်အောင်ဆန်းစုကြည်ကို မပြလို့ လို့ ဆိုပါတယ်။
ငါးမင်းဆွေဟာ မနေ့က “ ငါးမင်းဆွေမှ ဒေါ်စုကြည်သို့ (၂)” ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခနဲ့ထားတဲ့ ဆောင်းပါးတပုဒ်ကို NLD ရုံးကို ပေးပို့ခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ဒီဆောင်းပါး ပေးမဖတ်နိုင်ဘူး ဆိုတဲ့အကြောင်း NLD ရုံးချုပ်က ဦးဝင်းထိန်က ငါးမင်းဆွေဆီ ဖုန်းဆက် ပြောတယ်လို့ သိရပါတယ်။ ဒါကြောင့် ငါးမင်းဆွေက ရုံးရှေ့မှာ ဆန္ဒလာရောက် ထုတ်ဖော်ရတာပါတဲ့။
“သူ့ဆောင်းပါးတွေက ကျနော်တို့ ထောင်ထဲမှာ ဖတ်ဖူးတယ်။ ဒီမိုကရေစီအတွက် လုပ်နေတဲ့ လူတွေကို အရမ်းစော်ကားထားတဲ့ စာတွေချည်းပဲ။ ဒေါ်အောင်ဆန်းစုကြည်က ငါးမင်းဆွေကို မသိဘူး။ မနေ့က စာမှာလည်း စော်ကား ထားတာတွေပါလို့ လက်မခံတာ” လို့
ဦးဝင်းထိန်က ပြောပါတယ်။
ဆန္ဒထုတ်ဖော်နေသော ငါးမင်းဆွေကို ၁၂နာရီဝန်းကျင်လောက်မှာတော့ NLD ရုံးချုပ်ထဲကို ခေါ်ယူပြီး ဦးဝင်းထိန်က ညှိတဲ့အခါမှာ တော်တော်လေး အချေတင် စကားများပြောခဲ့ကြရပါတယ်။
“ငါးမင်းဆွေမှ ဒေါ်စုကြည်သို့(၂)” ဆောင်းပါးမှာ ဒေါ်စုကြည်ဆိုတဲ့ အရေးအသားကို ပြင်ပေးဖို့ ညှိနှိုင်းတဲ့အခါမှာ ငါးမင်းဆွေက
ပြန်ပြင်ဆင်ရေးသားပေးမယ် ဒါပေမယ့် သူ့ဆောင်းပါးကို ဒေါ်အောင်ဆန်းစုကြည် လက်ထဲ ထည့်ပေးရမယ်လို့ ပြန်ပြောပါတယ်။
အဲဒါနဲ့ “ဒေါ်စုဆီ ပို့ထားတဲ့ စာတွေကတပုံကြီး သူဖတ်တာ မဖတ်တာက ကျနော်မသိဘူး” လို့ ပြောပြီး ဦးဝင်းထိန်က စကား ဖြတ်လိုက်တယ်လို့ ဆိုပါတယ်။
သူရေးထားတဲ့ ဆောင်းပါးကိုငါးမင်းဆွေက NLD ရုံးချုပ်ရှေ့မှာ ရှိနေတဲ့ ပြည်တွင်း သတင်းထောက်တွေကိုသာ ဝေငှပါတယ်။
အဲဒီ ဆောင်းပါးစာရွက် အောက်မှာတော့ “ပြည်တွင်း သတင်းဂျာနယ်များ သို့ ထည့်သွင်းဖော်ပြနိုင်ရန်” လို့ ရေးပြီး လက်မှတ်ထိုးထားတဲ့ စာရွက်တွေလည်း ပါပါတယ်။ ဒါ့အပြင် မော်နီတာ ဂျာနယ်မှာ ပါဝင်ပြီးသား သူ့ဆောင်းပါးတွေကိုလည်း ရုံးချုပ် ပတ်ဝန်းကျင်မှာ ဝေပါသေးတယ် (တော်တော်လေး မြို့မေတ္တာ ခံယူချင်ပုံပဲ)
“ကျနော်က အစိုးရကို ဘက်လိုက်ပြီး ရေးတာမဟုတ်ပါဘူး။ ကျနော် ရေးသမျှစာတွေက ကိုယ့်အမြင်နဲ့ ကိုယ်ရေးတာကပါ။ တချို့
ဆောင်းပါးတွေဆို မျက်ရည်ကျပြီး ရေးခဲ့တာ” လို့ ငါးမင်းဆွေက ရုံးချုပ်ရှေ့က သတင်းထောက်တယောက်ကို ပြောပါတယ် (ကြည့်ရတာ ရေးရင်း မျက်စိထဲ ပိုးကောင်တွေဘာတွေ ဝင်သွားလားမသိဘူး)
အဲဒီ ငါးမင်းဆွေဟာ ကြေးမုံနဲ့ မြန်မာ့အလင်း သတင်းစာတွေမှာလည်း ၂၀၀၆ ခုနှစ် နိုဝင်ဘာလက “၇၅ မင်းဆွေမှ ၈၈ မင်းကိုနိုင်သို့”
ဆိုတဲ့ ဆောင်းပါးကို စရေးခဲ့ပြီး “ငရဲမင်းနှင့် ငမင်းဆွေ”၊ “ငါးမင်းဆွေမှ စုကြည်သို့”၊ “စာရေးဆရာသည် လူမုန်းခံရ အသတ်ခံရ၏”၊ “ကုန်ဈေးနှုန်း ကျချင်သလား မီးမှန်ချင်သလား”၊ ”ရာဇ၀င်လူဆိုး”၊ “ဖားမင်းဆွေ စက်ဘီးစီးနေသည် လမ်းဘေးဖုန်းသုံးနေသည်”၊ ” ဘယ်သွားနေလဲ မင်းကိုနိုင်”၊ ”တော်ကြပါတော့ဗျာ သွားကြပါတော့ဗျာ”၊ “အမြန်ဆုံးရုန်းထွက်ချင်ပါသလား” ဆိုတဲ့ ဆောင်းပါးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို စော်ကားထားပါတယ် (ဆောင်းပါး ခေါင်းစဉ်တွေကိုက ရိုက်ချင်စရာ လေးတွေပဲနော်)
နောက်ထပ် ရိုက်ပေါက် ဆောင်းပါးတွေလည်း ဆက်ရေးနေသေးတယ်လို့ သိရပါတယ်။
NLD ရုံးရှေ့မှာသူ့ကို ဝိုင်းကြည့်နေတဲ့ သူတွေထဲက သူ့အကြောင်း မသိသေးတဲ့ သူတွေက သူဝေတဲ့ ဆောင်းပါးတွေကို ဖတ်ကြည့်ပြီး “အရူး” လို့ ပြောကြသတဲ့။ ငါးမင်းဆွေရဲ့ အံ့မခန်း အောင်မြင်မှုပေါ့။ သူ့အကြောင်း သိတဲ့သူတွေကတော့ ထိုင်ဆဲနေကြပါတယ်တဲ့။
ရန်ကုန်အခြေစိုက် ဧရာဝတီသတင်းထောက်ပေးပို့သည်
တရားမျှတမှု မရှိတဲ့ ပြယုဂ်တွေအတွက် လူထုနဲ့အတူ တိုက်ပွဲဝင်မယ်
ချင်းမိုင် ရုက္ခစိုးနှင့် လူထု စစ်ဆင်ရေးပုံစံသစ်

ရန်ကုန်သားတာတေ
“ထိန်း … ထိန်း … ဒိုင်း ... ဒိုင်း … ဝုန်း … ဗြုန်း”
ယမ်းညှော်နံ့များ လွှမ်းနေသော်လည်း … စစ်ဖြစ်နေခြင်း မဟုတ်ပါ။ ချင်းမိုင်မြို့က နာမည်ကျော် လွိုင်ကထုံပွဲ အတွင်း ဦးရုက္ခစိုး၊ ကြွက်စုတ်နှင့် ဖိုးရှုပ်တို့ ရောက်ရှိနေကြခြင်း ဖြစ်သည်။ မီးရှူးမီးပန်းများ၊ ဗြောက်အိုးများ ပစ်ဖောက်နေသော ကြောင့်လည်း တထိန်းထိန်းနှင့် ဆူညံနေသည်။
လမ်းလျှောက်ရလွန်း၍ ညောင်းလာသောကြောင့် မြစ်ကမ်းဘေး လူရှင်းသည့် နေရာတွင် သူတို့သုံးဦး ခေတ္တ အပန်းဖြေသည့် အနေဖြင့် ထိုင်လိုက်ကြသည်။
ဖိုးရှုပ်။ ။ ဗြောက်ဖောက်သံတွေက ဆူညံ၊ ယမ်းနံ့တွေက လှိုင်လို့၊ အင်း … တို့ မြန်မာပြည်က တန်ဆောင်တိုင်ကော ဘယ်လိုများ နေလဲ မသိဘူးနော်။
ကြွက်စုတ်။ ။ မြန်မာပြည်မှာတော့ ဗြောက်အိုးဖောက် ထောင်သုံးနှစ်၊ မီးရှုးမီးပန်း မရောင်းရ၊ ဖယောင်းတိုင်ဈေးကြီး၊ လျှပ်စစ်မီး မလာဆိုတော့ … တန်ဆောင်မုန်းလပြည့် လရောင်လေးနဲ့ အော်ရီဂျင်နယ် တန်ဆောင်တိုင် စစ်စစ်ကို ကျင်းပ နေကြမှာပေါ့ကွာ။
“ရှူး …. ဒိုင်း” ဆိုသော မြည်သံနှင့်အတူ ဖြာထွက်သွားသော မီးရှူး မီးပန်းကိုကြည့်ရင်း ဖိုးရှုပ်က “နိဗ္ဗာန်ဈေးတွေလည်း မစည်တော့ဘူးလို့ ကြားတယ်” ဟု ပြောလိုက်သည်။
ရုက္ခစိုး။ ။ မင်းတို့ကလည်း … အကောင်းဘက်က တွေးစမ်းပါကွာ။ နိဗ္ဗာန်ဈေး မစည်တာ လူတွေ ခြွေတာကြလို့ နေမှာပေါ့၊ မီးရှူး မီးပန်းမလွှတ်ရ တော့ကော ဘာဖြစ်လဲ … ပိုက်ဆံကုန် သက်သာတာပေါ့၊ ဗြောက်မဖောက်တော့ နားမညည်းဘူးပေါ့။ မီးမလာတော့ မီတာခ မကုန်တော့ဘူးပေါ့။
ဖိုးရှုပ်။ ။ လုပ်ပြီ … ဦးရုက္ခစိုးကြီးကတော့။ မတွေ့တာကြာလို့ စကားအကောင်း ပြောမလား မှတ်တယ်၊ ကလန့်က တိုက်ပြီ။
ဖိုးရှုပ်စကား အဆုံးသတ်ခါစတွင် သူတို့ နှာခေါင်းက အလွန်ဆိုးရွားလှစွာသော အနံ့ကြီးတခုကို ရလိုက်သည်။ ထိုအနံ့က မည်မျှ ဆိုးရွားသည်မှာ ဆိုဖွယ်မရှိပေ ...။ ချင်းမိုင် ပင်း မြစ်ကမ်းတလျှောက် ထွက်ပေါ်နေသော ယမ်းနံ့ကိုပင် ကျော်လွန်၍ ထွက်လာသည့် အနံ့ဖြစ်သည်။
ကြွက်စုတ်။ ။ ဖိုးရှုပ် … မင်းကတော့ လုပ်ပြီ။ လူထူထူဆို လေလည်ချင်တဲ့ အကျင့်က အခုထိ မဖျောက်သေးဘူးလား။ အောင်မလေး နံလိုက်တာ။ အသက်ရှူတောင် အောင့်ထားရတယ်။
ဖိုးရှုပ်။ ။ မင်းသာ မနက်က ပဲဟင်းတွေ ပိုတယ်ဆိုပြီး စွတ်သောက်ထားလို့ လေလည်တာ ဖြစ်မှာ။ မင်းဟာလေ ကိုယ့်အပြစ်ကို သူများအပြစ်ဖြစ်အောင် တော်တော်လုပ်တယ်။ နအဖ ကျနေတာပဲ။
ရုက္ခစိုး။ ။ တော်ကြစမ်းပါကွာ။ ဒီအနံ့ကို ခွဲခြမ်းစိတ်ဖြာကြည့်ရရင် … ဒါ … လတ်လတ်ဆတ်ဆတ် ပေါက်လိုက်တဲ့ အီးနံ့ မဟုတ်ဘူးကွ။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုးက အီးကျမ်း တယ်ကျေပါလား။
ရုက္ခစိုး။ ။ ကျေဆို အရည်ကြိုသောက် … အာ … ယောင်ကုန်ပြီ။ ငါက အတွေ့အကြုံအရ ပြောတာပါကွ။
သူတို့စကားပြောနေစဉ် ဆိုးရွားလှသည့် အနံ့ကြီးက ပိုနံလာသည်။ ထိုသို့သော အနံ့ဆိုးကြီးနှင့်အတူ သူတို့ နားသို့ လူနှစ်ဦး မျက်နှာပုပ်သိုးသိုးဖြင့် ရောက်လာသည်ကို တွေ့လိုက်ရသည်။
ကြွက်စုတ်။ ။ ဟင် … ပြန်ကြားရေး ဝန်ကြီးဆော်ကြမ်းနဲ့ ဝန်ကြီးချုပ် ဦးသိန်းဂိန် ...။ လွိုင်ကထုံကို လာလည်ကြတာလား။
ဆော်ကြမ်း။ ။ လာလည်တာမဟုတ်ဘူး ...။ စတေး လာရှောင်တာ။
ဖိုးရှုပ်။ ။ ဒါ … ဒါနဲ့ … ဒီ အနံ့ဆိုးကြီးက ဦးသိန်းဂိန်တို့ ဆီက ထွက်နေတာပေါ့ ဟုတ်လား။ အောင်မလေး နံလိုက်တာဗျာ။
သိန်းဂိန်။ ။ ပြော … မပြောချင်ပါဘူးဗျာ။ ကျုပ်တို့ကို ချီးထုပ်တွေနဲ့ ဝိုင်းပေါက်လို့ ဒီဘက်ကို စတေးရှောင်ဖို့ ထွက်လာရတာ။
ဆော်ကြမ်း။ ။ ရေတော့ ချိုးလာပါတယ်။ ဒါပေမယ့် ဘယ်လို ချိုးချိုး အနံ့ မပျောက်တာက ဆိုးတယ်။ အဲဒါ ဒင်းကြောင့်။
ရုက္ခစိုး။ ။ ဘယ် ဒင်းကြောင့်လဲ ဦးဆော်ကြမ်းရဲ့။
ဆော်ကြမ်း။ ။ ချိုကုပ်ဒူးကြီး လွှတ်ပေးလိုက်တဲ့ ဒင်းကြောင့်ပေါ့။ သူ လုပ်တာနဲ့ အကုန် ရှုပ်ကုန်တာ။
ဖိုးရှုပ်။ ။ မဆိုင်ပါဘူး ဦးဆော်ကြမ်းရဲ့။ သူက သူ့ဘာသာ သားအငယ် ရောက်လာလို့ ဘုရားသွား ကျောင်းတက် လုပ်နေတာပဲဟာ။
ဆော်ကြမ်း။ ။ ဘာလို့ မဆိုင်ရမှာလဲ … ဆိုင်တယ်။ သူ့ကြောင့် အခုဆို ဂျာနယ် ၉ စောင်လည်း အပိတ်ခံရတယ်။
ကြွက်စုတ်။ ။ အာ အဲဒါက ဝန်ကြီးပဲ ပိတ်လိုက်တာ မဟုတ်ဘူးလား။
ဆော်ကြမ်း။ ။ ဟုတ်တော့ ဟုတ်တယ်လေ။ ဒါပေမယ့် သူက စတဲ့ ဇာတ်လမ်းပဲ။ သူ့ဓာတ်ပုံကို ဂျာနယ်တွေက ပျော်ရွှင်ပြီး ထည့်ကြတော့ ပိတ်ရတာပေါ့။ ဆိုင်ဆိုင် မဆိုင်ဆိုင် သူ့ကြောင့်ပဲဗျာ။ အဲဒီ ၉ စောင်ကို ပိတ်လို့ ဆိုပြီး လူတွေက ကျုပ်ကို ချီးထုပ်နဲ့ ပေါက်တာလည်း ခံရတယ်။
ရုက္ခစိုး။ ။ ဒါဆို ဝန်ကြီးချုပ်ကကော ဘယ်လိုဖြစ်ပြီး ခုလို ….။
သိန်းဂိန်။ ။ ကျုပ်ကတော့ တမျိုးဗျ။ ဂီရိ ဒုက္ခသည်တွေက ပေါက်လွှတ်လိုက်တာ။
ဖိုးရှုပ်။ ။ ဝန်ကြီးချုပ်က ဒုက္ခသည်တွေကို ဘာသွားပြောလဲမှ မသိဘဲ။
သိန်းဂိန်။ ။ တခုလေးပဲ ပြောမိတာပါဗျာ။ ကူညီကယ်ဆယ်ရေးထက် အရေးကြီးတာတွေ ရှိတယ်၊ ခင်ဗျားတို့ ဒုက္ခသည်တွေ ဆီက အလှူခံပါတယ်လို့ ပြောမိတာ။ ရစရာမရှိအောင် ပေါက်လွှတ်တယ်ဗျာ။
ကြွက်စုတ်။ ။ ကူညီ ကယ်ဆယ်ရေးထက် အရေးကြီးတယ်ဆိုတာ ဘာများလဲ ဦးသိန်းဂိန်ရဲ့။
ဖိုးရှုပ်။ ။ အင်းလေ … ဒုက္ခသည်တွေ ဆီကတောင် ပြန်အလှူခံတယ်ဆိုတော့ ဘာပါလိမ့်။
သိန်းဂိန်။ ။ စွမ်းအားရှင်တွေကို တိုက်ဖို့ အရက်ဖိုးလေးပါဗျာ။ ဒေါ်အောင်ဆန်းစုကြည် နောက်ကနေ လိုက်ကြည့်ခိုင်းမယ့် စွမ်းအားရှင်က နည်းနည်း များတယ်လေ။ အရက်ချည်းပဲ တနေ့ကို ရာဝင်အိုးနဲ့ ၁၀ အိုးလောက် လိုတယ်။
ရုက္ခစိုး။ ။ ဂီရိ ဒုက္ခသည်တွေက သောက်သုံးရေ အခက်အခဲဖြစ်နေတာဆို။
သိန်းဂိန်။ ။ သူတို့ ရေငတ်တာ ဘာအရေးလဲ။ စွမ်းအားရှင်တွေ အရက်ငတ်ရင် ကျုပ်တို့အားလုံး ထိခိုက်သွားနိုင်တယ်လေ။ အဲဒါ ဒင်းကြောင့်ပေါ့။ ဒင်း လွတ်လာလို့ အရက်ဖိုးက လိုလာတာ။
ဖိုးရှုပ်။ ။ အင်း … ကျနော့် အတွေ့အကြုံအရ ပြောရရင်တော့ အတင်းကို ဆွဲစေ့နေသလိုပဲနော်။ ညောင်ဦး ကမ်းပါပြိုတာနဲ့ စမ္ပာနဂိုရ်က နွားမ ပေါင်ကျိုးရသလိုတော့ ဖြစ်နေပြီ။
ဆော်ကြမ်း။ ။ ဆွဲစေ့သင့်ရင်လည်း စေ့ရမှာပဲလေ။ မြို့တော်ဝန် အောင်သိန်းပျင်းလည်း တလောက ချီးထုပ်နဲ့ အပေါက်ခံ ရသေးတယ်။ အဲဒါလည်း ဒင်းကြောင့်ပဲ မဟုတ်ဘူးလား။
ကြွက်စုတ်။ ။ ကျနော်သိသလောက်တော့ အဲဒီတုန်းက သူက ပြန်တောင် မလွတ်သေးဘူးနော်။ ဘယ်လိုလုပ် သူ့ကြောင့် ဖြစ်မှာလဲ။
ဆော်ကြမ်း။ ။ ခက်ပါလား။ ဘာမှ မသိရင် ဝင်မပြောနဲ့။ သူ မလွတ်သေးလို့ အပေါက်ခံရတာပေါ့။ အဲဒီအချိန်က သူသာ လွတ်နေရင် လူတွေက အောင်သိန်းပျင်းကို ဘယ်လိုလုပ် စိတ်ဝင်စားပါ့မလဲ။
ရုက္ခစိုး။ ။ သူ ပြောတော့လည်း ဟုတ်တုတ်တုတ်ပါလား။
သိန်းဂိန်။ ။ ကျုပ်တို့ ချိုကုပ်ဒူးကြီးက ဘယ်လို အကြံနဲ့ ဒင်းကို လွှတ်ပေးထားလဲ မသိဘူးဗျာ။ လောလောဆယ်တော့ လူတွေက ကျုပ်တို့ကို တွေ့တာနဲ့ ချီးထုပ်နဲ့ ပေါက်မယ် ဆိုတာချည်းပဲ ဖြစ်နေပြီ။
ဖိုးရှုပ်။ ။ အဲဒါကော ဘာဆိုင်လို့လဲ။ သူ့ဘာသာ လွတ်လွတ်လပ်လပ် သွားလာနေတာနဲ့ ဝန်ကြီးချုပ်တို့ကို လူတွေက ချီးထုပ်နဲ့ ပေါက်ကရောလား။
သိန်းဂိန်။ ။ ဆိုင်ပြီလားဗျာ။ သူ့ကို လူတွေက ချစ်လေ၊ ကျုပ်တို့ကို သောက်ညင်ကပ်လေ ဖြစ်ပြီး ပေါက်ကြတာလေ။
ကြွက်စုတ်။ ။ ဒါကတော့ ဖြစ်နိုင်ပါတယ်။
ဆော်ကြမ်း။ ။ ကျန်သေးတယ်လေ ဝန်ကြီးချုပ်၊ ဒင်းကြောင့် HIV ဝေဒနာ သည်တွေလည်း ဒုက္ခရောက်ရတယ်။
ဖိုးရှုပ်။ ။ ဒါတော့ လွန်ပြီ ထင်တယ်ဗျာ။ HIV ဝေဒနာသည်တွေကို ရွှေ့ပြောင်းခိုင်းတာက ခင်ဗျားတို့ ချိုကုပ်ဒူးကြီး မဟုတ်ဘူးလား။
သိန်းဂိန်။ ။ ဟုတ်တယ်လေ။ သူ အဲဒီကို သွားလို့ ဖြစ်ရတာပေါ့။ မသွားရင် ဒီလို ကိစ္စတွေ ဘယ်ဖြစ်ပါ့မလဲ။
ဆော်ကြမ်း။ ။ နောက်တော့ … သူ့ကြောင့် သတင်းစာ လွတ်လပ်ခွင့်လည်း မရတော့ဘူး။
ရုက္ခစိုး။ ။ ရှင်းစမ်းပါဦးဗျာ။
ဆော်ကြမ်း။ ။ သတင်းစာ လွတ်လပ်ခွင့် ပေးလိုက်ရင် သူ့သတင်းတွေချည်းပဲ ရေးကြတော့မှာလေ။ အဲဒီအခါကျတော့ သတင်းက ဘက်ညီမှာ မဟုတ်တော့ဘူး။ သူ့အကြောင်း အကောင်းတွေရေး၊ ကျုပ်တို့အကြောင်း မကောင်းတွေရေး လုပ်ကြတော့မှာ။
ဖိုးရှုပ်။ ။ ဝန်ကြီးတို့အကြောင်းက အကောင်းရေးချင်လို့ ရှာတာတောင် ရေးစရာက ရှိမှ မရှိဘဲဗျ။
ဆော်ကြမ်း။ ။ အဲဒါကြောင့် ပြောတာလေ။ ကျုပ်တို့ အကြောင်း အကောင်း ရေးစရာ မရှိမယ့်အတူတူ အားလုံး ပိတ်ထားလိုက်တော့ အေးရော မဟုတ်လား။
ကြွက်စုတ်။ ။ အဲဒီတော့ ချီးထုပ်နဲ့ အပေါက်ခံရရော မဟုတ်လား။ ထွီ … နံလိုက်တာဗျာ။
သိန်းဂိန်။ ။ ကြင်နာကြပါဗျာ။ မြန်မာပြည်လည်း မပြန်ရဲသေးဘူး။ လူတွေ ချီးထုပ်စစ်ဆင်ရေး လုပ်မယ်လို့ ပြောနေကြတယ်။
ဆော်ကြမ်း။ ။ ဟုတ်တယ်ဗျ ...။ ချီးထုပ်ကို ဈေးကောင်းပေး ဝယ်နေကြတယ်လို့ ကြားတယ်။ ကြံ့ဖွံ့တွေ့ရင် ပေါက်ဖို့တဲ့။
သိန်းဂိန်။ ။ အဲဒါကြောင့် လောလောဆယ်။ ကျုပ်တို့ ၂ ယောက်ကို တင်ကျွေးထားဖို့ တောင်းပန်ပါတယ်ဗျာ။
ဖိုးရှုပ်။ ။ တင်ကျွေးထားတာက ရတယ်။ ဒီ အနံ့ကြီးတွေ မခံနိုင်တာက ဆိုးတယ်ဗျ။ ကြွက်စုတ် … မင်း ခေါ်ထားလိုက်။
ကြွက်စုတ်။ ။ အာ … ဒီလောက်နံတဲ့ ချီးထုပ်ကြီးတွေကို ငါလည်း လက်မခံနိုင်ဘူး။ မင်းပဲ ခေါ်ထားလိုက်။
ကြွက်စုတ်နှင့် ဖိုးရှုပ်တို့ သူခေါ်ထား၊ ငါခေါ်ထားနှင့် အငြင်းပွားနေကြစဉ် ဦးရုက္ခစိုးက နတ်တို့တန်ခိုးဖြင့် ကိုယ်ယောင်ဖျောက် ရှောင်ထွက်သွားပြီ ဖြစ်သည်။ ထိုစဉ် သူတို့နံဘေးမှ “ဝုန်း” ခနဲ ပေါက်ကွဲသံကြီးနှင့်အတူ မီးရှူး မီးပန်းကြီးတခု လွှတ်တင် လိုက်သည်ကို အခွင့်ကောင်းယူ၍ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ လွိုင်ကထုံ လူအုပ်ကြီးကြားထဲ အတင်း တိုးဝင် ပြေးပုန်းကြ သောကြောင့် ချီးထုပ် ၂ ယောက်သာ ငေါင်စင်းစင်းနှင့် ကျန်ရစ်ခဲ့ကြလေတော့၏။







No comments:
Post a Comment